ဒေါ်အောင်ဆန်းစုကြည်၏ ကြေငြာချက်သဘောထားကို ဆန့်ကျင်ပြီး စစ်အစိုးရ၏အမျိုးသားညီလာခံကို ထောက်ခံကြောင်း စစ်အစိုးရက အပစ်ရပ်အဖွဲ့များ၊ နိုင်ငံရေးအဖွဲ့အစည်းများကို လိုက်လံစည်းရုံးသဘောထားရယူပြီး ထုတ်ပြန်နေစေခြင်းကိစ္စရပ်အပေါ် မိမိတို့မွန်ပြည်သစ်ပါတီ၏ သဘောထား
ကျွန်တော်တို့နိုင်ငံတွင် ဒီကနေ့အထိ ဖြစ်ရှိနေသောနိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြမှသာ ပြေလည်နိုင်မည်ဟု မိမိတို့ပါတီမှ ရှုမြင်ပါသည်။ ထို့ကြောင့်လည်း မိမိတို့ပါတီက စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲခဲ့ခြင်း ဖြစ်ပါသည်။
ပြီးခဲ့သောအမျိုးသားညီလာခံ၌ ကျွန်ပ်တို့ပါတီအနေနှင့် မိမိတို့၏အမြင်၊ သဘောထားများနှင့် တိုင်းရင်းသားလူမျိုးစုများ၏အခွင့်အရေးများအတွက် တင်ပြတောင်းဆိုခဲ့ပြီး ဖြစ်ပါသည်။ သို့ပေမယ့်လည်း စစ်အစိုးရမှ မိမိတို့၏တောင်းဆိုချက်များကို လက်မခံ၊ အသိအမှတ်မပြုခဲ့သောကြောင့် မိမိတို့ပါတီအနေနှင့် အမျိုးသားညီလာခံကို တရားဝင်ကိုယ်စားလှယ်စေလွှတ်ခြင်း ရပ်ဆိုင်းကာ လေ့လာသူအနေနှင့်သာ စေလွှတ်တက်ရောက်စေခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေငြာချက်ပါ “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး “နှင့် ပတ်သတ်သည့်သဘောထားကို မိမိတို့ပါတီအနေနှင့် မူအရ ထောက်ခံပါသည်။ လက်တွေ့အရ ဘယ်လိုဖြစ်လာမည်၊ ဘယ်လိုအကောင်အထည်ဖော်သွားမည်ဆိုတာကို မိမိတို့အနေနှင့် အလေးထားပြီး စောင့်ကြည်သွားပါမည်၊ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးဖြေရှင်းကြရာမှာ တိုင်းရင်းသားလူမျိုးစုတွေလည်း ပါဝင်မှသာ ပြီးပြည့်စုံသည့်ပြေလည်မှုကို ရရှိနိုင်မည်ဟု မိမိတို့ပါတီအနေနှင့် ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
မွန်ပြည်သစ်ပါတီ
ရက်စွဲ - ၁၆/၁၁/၀၇
No comments:
Post a Comment